ဘယ်လိုပုံစံနဲ့ ခေါင်းကိုက်ရင် စိုးရိမ်ရသလဲ
ခေါင်းကိုက်တာ အများစုကတော့ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒီအခြေအနေက အမြဲမှန်တယ်လို့ မဆိုသာပါဘူး။ ခေါင်းကိုက်တာက အချို့အခြေအနေမှာ ခန္ဓာကိုယ်မှာ ကျန်းမာရေးအခြေအနေ တစ်ခုခု မှားယွင်းနေပြီဆိုတာကို ဖော်ပြနေတာလည်း ဖြစ်နိုင်ပါတယ်။
ဒီတော့ ခေါင်းကိုက်တာက ဘယ်လို အခြေအနေဆိုရင် စိုးရိမ်ဖို့ လိုမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဗဟုသုတရှာမှီးတဲ့ အနေနဲ့ ဆက်ကြည့်လိုက်ဦးနော်။
ခေါင်းကိုက်ခြင်း ဆိုရာဝယ်
ခေါင်းကိုက်တယ်ဆိုတာက အဖြစ်များပါတယ်။ လူတိုင်းလိုလို ကြုံဖူးတဲ့ ကိစ္စတစ်ခုဆိုလည်း မမှားပါဘူး။ ခေါင်းကိုက်တာက သက်တောင့်သက်သား မရှိတာကို ခံစားရစေနိုင်သလို နာကျင်တာမျိုးကိုလည်း ခံစားရစေနိုင်ပါတယ်။
ဘယ်လို အခြေအနေမှာ စိုးရိမ်စရာလိုမလဲဆိုတာကို သိရှိရလေအောင် စာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်ဦးနော်။
ခဏခဏ ခေါင်းကိုက်နေတာ
ခေါင်းကိုက်တာက အဖြစ်များပေမယ့် ခဏခဏ ခံစားရမယ့် ကျန်းမာရေးပြဿနာတော့ မဟုတ်ပါဘူး။ နေ့တိုင်းလိုလို ခေါင်းကိုက်နေတာက နာတာရှည် ခေါင်းကိုက်တာကို ဖြစ်စေနိုင်ပြီး တစ်လမှာ ၁၅ ရက်လောက် ခေါင်းကိုက်နေပြီဆိုရင် သတိထားဖို့ လိုပါမယ်။
နာတာရှည် ခေါင်းကိုက်တာက ခေါင်းထဲမှာ ပေါ်လိုက်ပျောက်လိုက်နဲ့ ခဏခဏ ခံစားရတဲ့ ခေါင်းကိုက်တာ၊ တင်းအားတွေများပြီး ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာတွေကို ခံစားရတာမျိုးပါ။ အချို့အခြေအနေတွေမှာတော့ ခေါင်းကိုက်တာကို ရေရှည် ခံစားနေရတာက စိုးရိမ်စိတ်များတာ၊ စိတ်ဓာတ်ကျတာလိုမျိုး စိတ်ကျန်းမာရေး အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေတွေကတော့ စိတ်ဖိစီးနေတာကို သက်သာအောင် လုပ်ရမယ်ဆိုရင်တော့ ခေါင်းကိုက်တာက သက်သာသွားမှာ ဖြစ်ပါတယ်။
ခေါင်းကိုက်တာက အိပ်ရာက နိုးတဲ့အထိ ပြင်းထန်မယ်
ခေါင်းကိုက်တာက ညဘက်နှစ်နှစ်ခြိုက်ခြိုက် အိပ်နေချိန်မှာ လန့်နိုးနေမယ်။ တစ်ပတ်ကို ၄ ရက်နဲ့အထက် ခေါင်းကိုက်တာက လန့်နိုးစေလောက်တဲ့အထိ ပြင်းထန်မယ်ဆိုရင်တော့ သတိထားဖို့ လိုပါမယ်။
ဒီလက္ခဏာတွေနဲ့အတူ ညီးစီစီဖြစ်မယ်၊ နားထင်နားမှာ သွေးတဒိတ်ဒိတ် ခုန်နေမယ်၊ ခေါင်းကိုက်တာကို ဆက်တိုက်ဆိုသလို မပြတ်တမ်း ခံစားနေရမယ်၊ ပူစပ်ပူလောင်ဖြစ်မယ်၊ စည်းချက်ကျကျနဲ့ ခေါင်းက တဒိတ်ဒိတ်ကို ထိုးကိုက်နေမယ် ဆိုရင်တော့ လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှု ခံယူဖို့ လိုပါမယ်။
အမြဲလိုလိုကို ခေါင်းကိုက်နေမယ်
ဒီလို ခေါင်းကိုက်တာက မြန်မြန်ဆန်ဆန်ပဲ ဖြစ်လာပြီး အနည်းဆုံး ၂၄ နာရီကြာတဲ့အထိ မသက်သာဘဲ ရှိနေမယ်။ ဒီလို ကိုက်တာက ရက်အတော်ကြာတဲ့အထိ မသက်သာဘဲ ရှိနေမယ်။ လနဲ့ချီတဲ့အထိ မသက်သာဘဲ ရှိနေမယ်။ အချိန်ကြာလေ ပိုဆိုးလေ ဖြစ်မယ်ဆိုရင်တော့ သတိထားဖို့ လိုပါပြီ။
ဒီအချက်တွေအပြင် ရေဓာတ်ခမ်းခြောက်မှု အလွန်အမင်းဖြစ်နေပြီး ခေါင်းကိုက်တာ၊ သွားနဲ့ သွားဖုံးမှာ ကူးစက်ရောဂါပိုး ကူးစက်တာကြောင့် ခေါင်းကိုက်တာ၊ သွေးတိုးတာကြောင့် ခေါင်းကိုက်တာ၊ အပူရှပ်တာ၊ လေဖြတ်တာ၊ ခေါင်းမှာ ထိခိုက်မိတာ၊ ဦးနှောက် ပိုးဝင်ကူးစက်တာကြောင့် ခေါင်းကိုက်တာပါ။ သွေးဆိပ်တက်တာ၊ ကင်ဆာ၊ ဦးနှောက်အကျိတ်စတာတွေကြောင့်လည်း ခေါင်းကိုက်နိုင်တယ်ဆိုတာကို သတိထားဖို့ လိုပါမယ်။
ဦးနှောက်အမြှေးရောင်တာ၊ လေဖြတ်တာလိုမျိုး ကျန်းမာရေးပြဿနာတွေရဲ့ ရှေ့ပြေးလက္ခဏာအနေနဲ့လည်း ခေါင်းကိုက်နိုင်ပါတယ်။
ခေါင်းကိုက်တာကြောင့် သာမန်နားလည်နေကျ စကားတွေကိုတောင် နားလည်ဖို့ ခက်မယ်။ သတိလစ်မယ်။ အဖျားတက်မယ်။ ခန္ဓာကိုယ် တစ်ခြမ်းက အားနည်းသလို ထုံကျဉ်ပြီး ခေါင်းကိုက်မယ်။ ဇက်ကြောကြီးတောင့်နေမယ်။ အမြင်အာရုံတွေ ဝေဝါးတာမျိုး ဖြစ်မယ်။ စကားပြောဖို့တောင် ခက်လာမယ်။ လမ်းလျှောက်ဖို့ ခက်မယ်။ မအီမသာဖြစ်ပြီး အော့အန်မယ်။ စတဲ့ လက္ခဏာတွေ ခံစားရမယ်ဆိုရင်တော့ အမြန်ဆုံး ကုသမှုခံယူဖို့ လိုမှာပါ။
မွန်မွန်